ငွေနဲ့ပတ်သက်ရင် သင့်ကလေး အမှားမလုပ်မိစေဖို့
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဟာ ယနေ့ခေတ်မှာ အရေးပါလာပြီဖြစ်ပါတယ်။ ကလေးတွေကို ငွေကြေးဆိုင်ရာ တတ်ကျွမ်းမှုနဲ့ အတူ ပျိုးထောင်ထားမှ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ရင်ဆိုင်ရနိုင်တဲ့ ငွေကြေးစိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ဖြေရှင်းတတ်မှာ ဖြစ်ပါတယ်။ ငွေကြေးအသိပညာ မရှိတဲ့ အခါ ငွေကြေးနဲ့ ပတ်သက်ပြီး အသိမှားတွေ၊ လိမ်လည်မှုတွေ ကြုံတွေ့ရတာ၊ ငွေကြေးစီမံခန့်ခွဲမှု မရှိလို့ ငွေကြေးအခက်အခဲတွေ ပိုပိုဆိုးလာတာ စတဲ့ ငွေကြေးဆိုင်ရာ အမှားတွေ လုပ်မိတတ်ပါတယ်။ဒီလိုမဖြစ်ရအောင် ကလေးတိုင်း ငွေကြေးဆိုင်ရာ အသိပညာတိုးပွားစေဖို့ မိဘတွေအတွက် အထောက်အကူဖြစ်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- ဘတ်ဂျက်လျာထားခြင်း၊ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းစတဲ့ တာဝန်ယူမှုရှိတဲ့ ငွေကြေးအလေ့အထတွေကို လက်တွေ့ပြသပါ။
- မိသားစုအတွင်း ငွေကြေးဆိုင်ရာ ဆွေးနွေးမှုတွေကို သဘာဝကျကျပြုလုပ်ပါ။ ဘာကြောင့် ဒီငွေကြေးဆုံးဖြတ်ချက်တွေကို ချမှတ်ရတာလဲဆိုတာ ကလေးတွေနားလည်အောင် ရှင်းပြပါ။
- ကလေးတွေကို အသက်အရွယ်အလိုက် နားလည်နိုင်တဲ့ မိသားစု ငွေကြေးဆွေးနွေးမှုတွေမှာ ပါဝင်ခွင့်ပေးပါ။
- ငွေကြေးဆိုင်ရာ အခြေခံအယူအဆတွေကို ငယ်စဉ်ကတည်းက မိတ်ဆက်ပေးပါ။
- “လိုအပ်ချက်” နဲ့ “လိုချင်စိတ်” ကွာခြားပုံ၊ အနာဂတ်အတွက် ငွေစုဆောင်းခြင်းရဲ့ အရေးကြီးပုံတို့ကို သင်ကြားပေးပါ။
- ကလေးတွေကို အိမ်မှုကိစ္စလေးတွေ (သို့) အချိန်ပိုင်းအလုပ်လေးတွေကနေ ငွေရှာဖို့ အားပေးခြင်းဖြင့် တာဝန်ယူမှုနဲ့ လွတ်လပ်မှုကို သင်ကြားပေးပါ။
- ကလေးတွေကို လက်တွေ့ဘဝမှာ ငွေကြေးစီမံခန့်ခွဲမှုကို လေ့ကျင့်ခွင့်ပေးပါ။
- ဘတ်ဂျက်ချမှတ်တတ်ဖို့နဲ့ ငွေကြေးဆုံးဖြတ်ချက်တွေချတတ်ဖို့ သင်ပေးပါ။
- ကလေးတွေရည်မှန်းချက်တွေ ချမှတ်ပြီး အောင်မြင်အောင် ကူညီပေးပါ။ အရုပ်ဝယ်ဖို့ စုဆောင်းတာလိုမျိုး ရည်မှန်းချက်အသေးလေးကနေ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတာလို ရေရှည်ရည်မှန်းချက်အထိ ပါဝင်နိုင်ပါတယ်။
ဒီနည်းလမ်းတွေကို အသုံးပြုပြီး ကလေးတွေရဲ့ ငွေကြေးပညာရေးမှာ တက်တက်ကြွကြွ ပါဝင်ပေးခြင်းဖြင့် ကလေးတွေကို ငွေကြေးဆိုင်ရာ အသိပညာရှိတဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကလေးတွေကို ငွေကြေးအကြောင်းသင်ပေးတယ်ဆိုတာ ငွေ/ပိုက်ဆံ အကြောင်း သင်ပေးရုံသက်သက်မဟုတ်ဘဲ၊ ခေတ်ရဲ့ ရှုပ်ထွေးလှတဲ့ ငွေကြေးကမ္ဘာထဲမှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကိရိယာတွေကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။
Myanmar Youth Platform အကောင့်ဖွင့်နည်း နှင့် လေ့လာရမည့်ပုံစံကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။ 

